Tor ဘရောက်ဇာသည် သင့်ကိုယ်ရေးလုံခြုံမှုနှင့် အမည်မသိမှုကို ကာကွယ်ရန် Tor ကွန်ရက်ကို အသုံးပြုသည်။ Tor ကွန်ရက်ကို အသုံးပြုရာတွင် အဓိက ထူးခြား လက္ခဏာနှစ်ရပ် ရှိပါသည် -

  • သင်၏ အင်တာနက်ဝန်ဆောင်မှုပံ့ပိုးသူနှင့် သင့်ချိတ်ဆက်မှုကို နိုင်ငံတွင်းမှ စောင့်ကြည့်နေသူ မည်သူကမျှ သင်ဝင်ကြည့်သော ဝက်ဘ်ဆိုက်များ၏ အမည်များနှင့် လိပ်စာများအပါအဝင် သင့်အင်တာနက် အသုံးပြုမှုကို ခြေရာခံနိုင်မည် မဟုတ်ပါ။

  • သင်အသုံးပြုသော ဝက်ဘ်ဆိုက်များနှင့် ဝန်ဆောင်မှုများကို ကိုင်တွယ်သူများနှင့် ကြည့်နေသူ မည်သူမဆိုသည် သင်၏ အင်တာနက် (IP) လိပ်စာအစစ်အစား၊ Tor ကွန်ရက်မှလာသော ချိတ်ဆက်မှုတစ်ခုကို မြင်ရပါမည်။ သင်မည်သူဖြစ်ကြောင်း သင်ကိုယ်တိုင် အတိအလင်း မဖော်ထုတ်ပါက ထိုသူတို့အနေနှင့် သိနိုင်မည်မဟုတ်ပါ။

ထို့ပြင် သင့်ဘရောက်ဇာ အစိတ်အပိုင်းများဖွဲ့စည်းပုံပေါ် အခြေခံပြီး ဝက်ဘ်ဆိုက်များက "ဇစ်မြစ်လိုက်ခြင်း" သို့မဟုတ် သင်မည်သူဖြစ်ကြောင်း ဖော်ထုတ်ခြင်း မပြုလုပ်နိုင်အောင် Tor ဘရောက်ဇာကို ဒီဇိုင်းရေးဆွဲ ဖန်တီးထားသည်။

ပုံသေအားဖြင့် Tor ဘရောက်ဇာသည် ရှာဖွေမှုမှတ်တမ်းကို သိမ်းဆည်းမထားပါ။ ကွတ်ကီးများကို ကာလအပိုင်းအခြား တစ်ခုတည်းအတွက်သာ အသုံးပြုနိုင်ပါသည် (Tor ဘရောက်ဇာမှ ထွက်သည့်အချိန် သို့မဟုတ် ကိုယ်ပိုင်အမှတ် သင်္ကေတအသစ် တောင်းဆိုသည့်အချိန်အထိ)။

Tor အလုပ်လုပ်ပုံ

Tor သည် အင်တာနက်ပေါ်တွင် သင့်ကိုယ်ရေးလုံခြုံမှုနှင့် လုံခြုံရေး တိုးတက်စေသည့် အင်တာနက် လိုဏ်ခေါင်းများ ကွန်ရက် ဖြစ်သည်။ Tor သည် သင့်ဒေတာအသွားအလာကို Tor ကွန်ရက်ရှိ အလျင်းသင့်သည့် ဆာဗာသုံးခု (ကြားခံစက်များ) ကို ဖြတ်၍ ပို့သည်။ ထိုအခါ ပတ်လမ်းရှိ နောက်ဆုံး ကြားခံစက် ("အထွက် ကြားခံစက်") က ဒေတာအသွားအလာကို အများသုံး အင်တာနက်ပေါ်သို့ ပို့သည်။

Tor ၏ အလုပ်လုပ်ပုံ

အထက်ပါပုံတွင် အသုံးပြုသူက Tor သုံး၍ ကွဲပြားသော ဝက်ဘ်ဆိုက်များသို့ ဝင်ကြည့်ပုံကို သရုပ်ဖော်ထားသည်။ အလယ်ရှိ အစိမ်းရောင် ကွန်ပျူတာများသည် Tor ကွန်ရက်ရှိ ကြားခံစက်များကို ကိုယ်စားပြုသည်။ စကားဝှက်သော့သုံးခုသည် အသုံးပြုသူနှင့် ကြားခံစက်တစ်ခုစီအကြား ကုဒ်ဖြင့်ပြောင်းလဲပြီးသော အလွှာများကို ကိုယ်စားပြုသည်။